Open Your World Through Reading

IELTS ဖြေဖို့အတွက် စက်ရုပ်လို မပြင်ဆင်ထားပါနဲ့

IELTS ဖြေဖို့အတွက် စက်ရုပ်လို မပြင်ဆင်ထားပါနဲ့

Mar 09, 2018 |

ကောလဟလတွေရှိတာကတော့ သင်ဟာ IELTS ကို ဖြေဆိုရာမှာ နမူနာအဖြေတွေကို အလွတ်ကျက်ပြီး လေ့လာရုံနဲ့ အရေးနဲ့အပြောပိုင်း (Writing and Speaking) မှာ ရမှတ်တွေကောင်းလိမ့်မယ်လို့ ထင်တတ်ကြတာပါပဲ။ ဒါဟာ အယူအဆမှားတစ်ခုပါ။ ဒီလို လေ့လာနည်းက သင့်ကြိုးစားမှုအကုန်လုံးကို ဖျက်ဆီးသွားနိုင်ပါတယ်။ ဒါကိုမယုံနိုင်ဘူးဆိုရင် အောက်ပါ အချက် (၄) ချက်ကို စဉ်းစားကြည့်လိုက်ပါ။  

Don't learn IELTS answers by heart

၁။ IELTS စာမေးပွဲမှာ နှစ်တိုင်းမေးခွန်းအသစ်တွေ မေးပါတယ်။

IELTS ရဲ့အကောင်းဆုံးအပိုင်းတစ်ခုကတော့ စာမေးပွဲဟာ အမြဲပဲ ကမ္ဘာတဝန်းက ယဉ်ကျေးမှု၊ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ ကိစ္စတွေကို အဆက်မပြတ်ရောင်ပြန်ဟပ်ပြီး မေးမြန်းနေတာပါ။ ဒါ့ကြောင့် စာမေးပွဲဝင်ဖြေသူတွေဟာ နှစ်နှစ်ဆက်တိုက်မေးခွန်းတွေ အတူတူကိုပဲဖြေရမှာမျိုး မရှိသလောက်ရှားပါတယ်။ ဒါ့အပြင် ခေတ်စားတဲ့လမ်းကြောင်းအသစ်ကတော့ မေးခွန်းကို ဘောင်ကျဉ်းလိုက်ပြီး ပုဂ္ဂိလဆန်တာကိုပဲ အာရုံပြုထားတာပါ။ ယေဘုယျမေးခွန်းမျိုးဖြစ်တဲ့ “သင့်ဘဝရဲ့ အမှတ်တရတစ်ခုကို ဖေါ်ပြပါ ဆိုတာမျိုးကိုမေးလျှင် ဖြေဆိုသူတွေဟာ ကျောင်းမှာ ကိုယ့်သူငယ်ချင်းတွေနဲ့ဝေမျှရင်ဆိုင်ရတဲ့ အမှတ်တရစိန်ခေါ်မှု တခုအကြောင်း ပြောဖို့ လိုအပ်ပါလိမ့်မယ်။ ဒီလိုကိစ္စမျိုးမှာ နမူနာအဖြေတွေကို အလွတ်ကျက်ထားတာ ဟာ လုံးဝလက်တွေ့မကျတာဖြစ်သလို အချိန်လည်း ကုန်စေမယ့်နည်းဖြစ်ပါတယ်။

 

၂။ သင့်အင်္ဂလိပ်လို တုံ့ပြန်ပြောဆိုနိုင်စွမ်းကို တုံ့နှေးစေနိုင်ပါတယ်။

IELTS စာမေးပွဲဟာ သင့်ရဲ့အင်္ဂလိပ်လို ပြောဆိုဆက်သွယ်မှုစွမ်းရည်နဲ့ တုံ့ပြန်ပြောဆိုတတ်မှုကို စစ်ဆေးဖို့ အဓိက ရည်ရွယ်တာပါ။ တိကျတဲ့ သေချာပြင်ဆင်ထားတဲ့ အဖြေမျိုးကို စစ်တာမဟုတ်ပါဘူး။ ဒါ့ကြောင့် IELTS အတွက် ပြင်ဆင်ရမယ့်အကောင်းဆုံးနည်းလမ်းကတော့ လေ့လာပါ၊ လက်တွေ့ ပြောဆိုပါ၊ နေ့စဉ်ဘဝထဲမှာ ဘာသာစကားကို ပြောဆိုအသုံးချကြည့်ပါ။ အလွတ်ကျက်တာမျိုးက သင့်တီထွင်ဖန်တီးနိုင်စွမ်းကို ဖျက်ဆီးနိုင်သလို မူရင်းအင်္ဂလိပ်စကားပြောသူ native speakers တွေလို သဘာဝကျကျ တုံ့ပြန်ပြောဆိုတတ်ဖို့ ၊ တွေးတတ်ဖို့ကိုလည်း ကန့်သတ်သလိုဖြစ်စေပါတယ်။ နမူနာအဖြေတွေဆိုတာက အခြေအနေတွေမျိုးစုံနဲ့ သက်ဆိုင်ပါတယ်။ ဒါ့ကြောင့် ကိုးကားဖို့လောက်ပဲ သုံးပါတယ်။ သင့်ရဲ့ အင်္ဂလိပ်စာစွမ်းရည်ကိုလမ်းညွှန်ဖို့ ၊ ထိန်းချုပ်ဖို့မဟုတ်ပါ။


Girl practicing for IELTS English test

၃။ အခြားအရေးကြီးတဲ့အချက်တွေကို မသိကျိုးကျွန်ပြုထားမိနေပါတယ်။

ကျွန်တော်တို့ရဲ့ ဦးနှောက်ဟာ တစ်ကြိမ်မှာ တာဝန်တစ်ခုကိုပဲ ပြည့်စုံစွာ ဆောင်ရွက်နိုင်ပါတယ်။ သင်ဟာ ကိုယ်ပြင်ဆင်ထားတဲ့မေးခွန်းနဲ့ တိတိကျကျတိုးတယ်လို့ တွေးကြည့်လိုက်ပါ။ အဖြေတွေကိုပဲ မှတ်မိနေတာဟာ သင့်ကို အခြားအရေးကြီးတဲ့အချက်တွေကို မေ့သွားစေပါလိမ့်မယ်။ ဥပမာအားဖြင့် စကားပြောဆိုရာမှာ သံနေသံထား၊ အသံထွက်၊ နောက်ဆုံး အမူအရာနဲ့ ပြောခြင်းတို့ လို အရေးကြီးတဲ့အချက်တွေကလည်း သင့်ရဲ့ IELTS Speaking ရမှတ်တွေကို ပြဌာန်းနေတာပါ။ သင်ဟာ စက်ရုပ်လို ထိုင်နေပြီး ပြောနေတာထက် အဲ့ဒီအချက်တွေကိုလည်း တိုးတက်အောင် လေ့ကျင့်ချင်နေရပါမယ်။

 

၎။ ရလဒ်က သင့်ကိုယ်ပိုင်အစွမ်းကို ရောင်ပြန်မဟပ်ပါ။

စာမေးပွဲဖြေခြင်းရဲ့ နောက်ဆုံးပန်းတိုင်က သင့်အင်္ဂလိပ်စာစွမ်းရည်ကို တိုးတက်စေဖို့ သိဖို့ စစ်ဆေးတာသာ ဖြစ်ပါတယ်။ နမူနာ အဖြေတွေသုံးပြီး အလွတ်ကျက်လေ့လာတာဟာ မထိရောက်ပါ။ စာစစ်သူတွေက သင့်ကို အဲ့ဒီနည်းနဲ့ဆို နားလည်နိုင်မှာမဟုတ်သလို အမှတ်လည်း ပေးလို့ရမယ်မဟုတ်ပါ။ အဖြေတွေကို အလွတ်ကျက်ထားတာ၊ ကိုယ်သုံးတဲ့အဖြေတွေဟာ တခြားတစ်ယောက်ယောက်က သုံးထားတာဖြစ်နိုင်သလို ကိုယ့်ရဲ့ တကယ့်အင်္ဂလိပ်စာအဆင့်နဲ့လည်း မြင့်ချင်မြင့်မယ်၊ နိမ့်ချင်လည်း နိမ့်နေပါမယ်။ အမှန်ကတော့ သင်ရရှိထားသင့်တဲ့အသိပညာက စာမေးပွဲတွေအားလုံးရဲ့ ဘောင်ကို ကျော်လွန်ပြီး နေ့စဉ်ဘဝထဲမှာ၊ လက်တွေ့အခြေအနေတွေထဲမှာ၊ အပြောဖြစ်ဖြစ်၊ အရေးဖြစ်ဖြစ် အထောက်အပံ့ဖြစ်စေရမှာသာ ဖြစ်ပါတယ်။ IELTS ဖြေရင် အလွတ်မကျက်ရဘူးလို့ အတိအကျ တားမြစ်ထားတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ စာမေးပွဲဖြေဖို့ဆိုတာ အချိန်နဲ့ငွေကုန်တာမို့ တကယ်ကြိုးစားမှုနဲ့သာ အရည်အသွေးမြင့်အောင် ထိုက်တန်အောင် လုပ်သင့်ပါတယ်။