Open Your World Through Reading

အင်္ဂလိပ်စာလေ့လာသူတွေ လုပ်လေ့ရှိတဲ့ အမှား (၃) ခု

အင်္ဂလိပ်စာလေ့လာသူတွေ လုပ်လေ့ရှိတဲ့ အမှား (၃) ခု

Oct 12, 2018 |
အင်္ဂလိပ်စာလေ့လာသူတွေ လုပ်လေ့ရှိတဲ့ အမှား (၃) ခု
 
ခေတ်ကာလပြောင်းလဲလာတာနဲ့အတူ အင်္ဂလိပ်စာဟာ ပညာရေး၊ လူမှုဆက်ဆံရေး နဲ့ လုပ်ငန်းပိုင်းဆိုင်ရာ အဘက်ဘက်မှာ ကောင်းမွန်စွာ စွမ်းဆောင်နိုင်ဖို့အတွက် အရေးကြီးတယ်ဆိုတာကို အားလုံးလက်ခံလာကြပါတယ်။ အင်္ဂလိပ်စာလေ့လာဖို့ လိုလာပြီဆိုတဲ့ အသိစိတ်နဲ့အတူ လူတော်တော်များများဟာ အင်္ဂလိပ်စာ သင်တန်းတွေကို တက်ရောက်လေ့လာကြပါတယ်။ ဒါပေမယ့် သင်တန်းတွေသာပြီးသွားတယ် ကိုယ့်ရဲ့ အင်္ဂလိပ်စာ စွမ်းရည်ဟာ ထင်သလောက်တိုးတက်ပြောင်းလဲလာခြင်းမရှိတာတွေကို သတိထားမိမှာဖြစ်ပါတယ်။ အထူးသဖြင့် အရေးပိုင်းနဲ့ အပြောပိုင်းမှာပေါ့။ အခုဆိုရင်တော့ WSE ကနေ မြန်မာကျောင်းသားတွေ အင်္ဂလိပ်စာလေ့လာတဲ့အခါမှာ ဖြစ်လေ့ရှိတဲ့ အမှားလေးတွေကို ပြောပြပေးသွားပါမယ်။
Blog
၁။ မြန်မာလို စဉ်းစားခြင်း
 
ဒီပြဿနာလေးကတော့ မြန်မာကျောင်းသားတွေတော်တော်များများ ကြုံတွေ့နေရတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။
ကျောင်းသားတော်တော်များများက သဒ္ဒါမှန်ဖို့ ဝေါဟာရကြွယ်ဝဖို့အာရုံအရမ်းစိုက်မိနေပြီး တွေးခေါ်ပုံပြောင်းလဲဖို့ မေ့နေကြပါတယ်။ အင်္ဂလိပ် စကားပြော ကျွမ်းကျင်လာဖို့ဆိုရင် အင်္ဂလိပ်လို စဉ်းစားဖို့လည်းလိုအပ်ပါတယ်။ မြန်မာကျောင်းသားတော်တော်များများက သူတို့ပြောချင်တာတွေကို ခေါင်းထဲမှာ မြန်မာလိုပဲစဉ်းစားပြီး စဉ်းစာလို့ပေါ်လာတာကို အင်္ဂလိပ်လို ဘာသာပြန်ပြီးပြောဆိုကြတာဖြစ်ပါတယ်။ ဒီလို အဆင့်တစ်ဆင့်ပိုလာတဲ့အတွက် စကားပြောတဲ့အခါမှာ နှောင့်နှေးမှုတွေအများကြီးဖြစ်စေပါတယ်။ စဉ်းစားကတည်းက အင်္ဂလိပ်လိုစဉ်းစားလိုက်တယ်ဆိုရင် အချိန်တိုအတွင်းမှာ အများကြီးစဉ်းစားစရာမလိုပဲ သွက်သွက်လက်လက်ပြောလာနိုင်မှာဖြစ်ပါတယ်။
Blog
၂။ အရှက်အကြောက်ကြီးခြင်း
 
ယေဘုယျအားဖြင့်ပြောရရင် မြန်မာကျောင်းသားတော်တော်များများဟာ နိုင်ငံခြားက ကျောင်းသားတွေနဲ့ ယှဉ်ရင် ပိုပြီးတော့ ရှက်ကြောက်တတ်ကြပါတယ်။ အင်္ဂလိပ်စာ စာသင်ခန်းတစ်ခုမှာဆိုရင် အမှားလုပ်မှာကြောက်လို့ လူတွေ ဝိုင်းရယ်ကြမှာ ကြောက်လို့ဆိုပြီး အင်္ဂလိပ်လိုပြောဖို့ကြောက်နေကြတဲ့ ကျောင်းသားတွေအများအပြားမြင်ဖူးကြမှာပါ။ အကြံကောင်းလေးတစ်ခုပေးချင်ပါတယ်။ ဘေးလူတွေကို လစ်လျှူရှုပြီး ရဲရဲဝင့်ဝင့်နဲ့သာ ပြောဆိုပါ။ ကိုယ်ကရှက်နေရင် မတိုးတက်မှာက ကိုယ်ကိုယ်တိုင်ပဲဖြစ်တဲ့ အတွက် ဂရုမစိုက်ပါနဲ့။ လူတိုငး်က အမှားနဲ့ မကင်းတဲ့အတွက် အမှားများများလုပ်ရင်း တစ်နေ့တစ်နေ့တိုးတက်လာအောင်လေ့ကျင့်ပါ။

Blog
၃။ စာသင်ခန်းပြင်ပမှာ လေ့ကျင့်မှုနည်းပါခြင်း
 
ကျောင်းသားတွေက အင်္ဂလိပ်စာလေ့လာဖို့ စိတ်ဝင်စားကြပေမယ့် စာသင်ခန်းရဲ့ အပြင်ကိုရောက်ပြီဆိုတာနဲ့ ကိုယ်တိုင် လေ့ကျင့်တာမျိုးမလုပ်ကြတော့တာများပါတယ်။ ဘာသာစကားလေ့လာသူတစ်ယောက်အနေနဲ့ စာသင်ခန်းထဲမှာပဲ ဘောင်ခတ်မထားပဲ ဘယ်နေရာမှာဆို လေ့လာနေဖို့လိုအပ်ပါတယ်။ သင်ခန်းစာတွေကို ပြန်လေ့လာတာမျိုးထက် ပေါ့ပေါ့ပါးပါးဖြစ်မယ့် ရုပ်ရှင်လေးတွေ စာအုပ်လေးတွေကတစ်ဆင့် လေ့လာတာမျိုးကလည်း များစွာထိရောက်မှုရှိစေပါတယ်။ အင်္ဂလိပ်လိုပြောတတ်တဲ့ သူငယ်ချင်းတွေရှိတယ်ဆိုရင်လည်း သူတို့နဲ့ စကားပြောလေ့ကျင့်ကြည့်တာဖြစ်ဖြစ် နိုင်ငံခြားသားတွေ များတဲ့ ပွဲလေးတွေ Activity လေးတွေသွားပြီးတော့ လေ့ကျင့်တာမျိုးဖြစ်ဖြစ်လုပ်သင့်ပါတယ်။ ဒါတွေမဖြစ်နိုင်ဖူးဆိုရင်လည်း အကြောင်းအရာတစ်ခုခုကို တစ်ယောက်တည်းလေ့ကျင်ပြီးပြောဆိုကြည့်တာမျိုးပြုလုပ်သင့်ပါတယ်။

 
အခုပြောပြခဲ့တာကတော့ မြန်မာကျောင်းသားတွေ လုပ်လေ့လုပ်ထရှိတဲ့ အမှားလေးတွေပဲဖြစ်ပါတယ်။ အမှားလုပ်တာက သဘာဝပါ။ အမှားနည်းသည်ထက်နည်းအောင်လုပ်ရမှာက ကိုယ့်တာဝန်ပဲဖြစ်ပါတယ်။
ဘာသာစကားလေ့လာတယ်ဆိုတာ အဆုံးအစမရှိပါဘူး။ ဓားတစ်ချောင်းကို သွေးနေသလိုပဲပေါ့။ ဓားကို အမြဲထက်နေအောင်သွေးရမှာက သင့်ရဲ့တာဝန်ပဲဖြစ်ပါတယ်။