Open Your World Through Reading

စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်သင့်တဲ့ အချက် (၄) ချက်

စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်သင့်တဲ့ အချက် (၄) ချက်

Nov 21, 2018 |

အကူအညီမဲ့နေတယ်လို့ခံစားရတိုင်း သူတစ်ပါးကို ကူညီပါဆိုတဲ့ ဆိုရိုးစကားလေးလိုပါပဲ။ စေတနာ့ဝန်ထမ်းလုပ်တယ်ဆိုတာ မိမိကိုယ်တိုင်ရော သူများတွေရဲ့ ဘဝရောကိုပါ ကူညီပြောင်းလဲခွင့်ရတဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။ စေတနာ့ဝန်ထမ်းအဖြစ်ဆောင်ရွက်တဲ့အခါ ပတ်ဝန်းကျင်ကိုရော မိမိကိုယ်တိုင်ပါ တိုးတက်မှုတွေအများကြီးရှိစေပါတယ်။ အခုဆက်လက်ဖော်ပြပေးသွားမှာကတော့ စေတနာ့ဝန်ထမ်းအဖြစ်ဆောင်ရွက်ခြင်းမှ ရရှိလာမယ့် အကျိုးကျေးဇူးတွေကို ပြောပြပေးပါမယ်။

 

(၁) ဘဝဟာပိုပြီး အဓိပ္ပါယ်ရှိလာမယ်။

သူများကို ကူညီတယ်ဆိုတာ မွန်မြတ်တဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။ သူများကို ကူညီနေတဲ့အချိန်မှာ   ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို ခဏမေ့ထားနိုင်သလို သူများကို ကူညီလို့ ခံစားရတဲ့ ပီတိကလည်း ဘာနဲ့မှ အစားထိုးလို့မရပါဘူး။ ဒါတင်မကပဲ ကိုယ်တိုင်က လူ့အဖွဲ့အစည်းထဲမှာ တစ်သားတည်း ပါဝင်ပြီးသားဖြစ်သလို လူ့အဖွဲ့အစည်းကို ပြန်လည်အကျိုးပြုပေးနေတယ်ဆိုတဲ့ ပျော်ရွှင်မှု ဂုဏ်ယူမှု ကျေနပ်ပီတိဖြစ်မှုကလည်း စေတနာ့ဝန်ထမ်းလုပ်ဖူးတဲ့သူတွေ အသိပဲဖြစ်မှာပါ။

aa

(၂) အပေါင်းအသင်းတွေပိုများလာမယ်။

ဒေသတွင်းမှာရော နိုင်ငံတကာမှာပါ စေတနာ့ဝန်းထမ်းအဖွဲ့အစည်းတွေအများကြီးရှိပါတယ်။ ဥပမာအနေနဲ့ UN Volunteer တို့ AIESEC တို့လိုအဖွဲ့အစည်းတွေပေါ့။ ဒီလိုအဖွဲ့အစည်းတွေမှာဆိုရင် ပြည်တွင်းပြည်ပ စေတနာ့ဝန်ထမ်းလူငယ်တွေအများကြီးရှိပါတယ်။ ဒီလိုအဖွဲ့အစည်းတွေထဲမှာ ပါဝင်ဆောင်ရွက်ခြင်းအားဖြင့် သင်တို့လို စိတ်အားထက်သန်စွာ ကူညီချင်တဲ့ သူငယ်ချင်းကောင်းတွေ အများကြီးရနိုင်ပါတယ်။ ကိုယ့်ရဲ့ လူ့ကွန်ယက်ကို ချဲ့ ထွင်ရင်း ကိုယ့်ရဲ့ ပေါင်းသင်းဆက်ဆံရေးစွမ်းရည်ကို မြင့်တင်လို့ရပါတယ်။ မတူညီတဲ့နောက်ခံ၊ ယဉ်ကျေးမှု နဲ့ အသက်အရွယ်ရှိတဲ့သူတွေနဲ့ပေါင်းသင်းတဲ့အခါ သင်ဟာတကယ်ကို ရင့်ကျက်ပြောင်းလဲလာမှာပါ။

 

(၃) အရည်အချင်းတွေတိုးတက်လာမယ်

စေတနာ့ဝန်ထမ်းလုပ်တဲ့အခါမှာ စီမံခန့်ခွဲမှုကောင်းကောင်းလုပ်တတ်ဖို့လည်းလိုပါတယ်နော်။ ဥပမာ လူတွေကို အသိပညာပေးဖို့အတွက် ပွဲလေးတစ်ပွဲစီစဉ်တယ်ဆိုပါစို့။ မတူညီတဲ့သူတွေနဲ့ အတူတူ အလုပ်တွဲလုပ်ရမှာဖြစ်တဲ့အတွက် သင့်ရဲ့ စီမံခန့်ခွဲမှုစွမ်းရည်သာမက လူတွေနဲ့ပေါင်းသင်းဆက်ဆံတတ်လာမှာဖြစ်ပါတယ်။ အခက်အခဲဖြစ်နေတဲ့နေရာတွေနဲ့ လူတွေကို ကူညီပေးတဲ့ အတွက် ကိုယ့်အသိုင်းအဝိုင်းမှာ ဘာပြဿနာတွေရှိနေလဲဆိုတာကိုပါ လေ့လာနိုင်ပါတယ်။
11

(၄) ပတ်ဝန်းကျင်ကလူတွေရဲ့ လေးစားအားကျမှု

လူတွေဟာ ကိုယ့်ပတ်ဝန်းကျင်က လူတွေရဲ့ လွမ်းမိုးမှုကိုအမြဲခံရပါတယ်။ သင်ရဲ့ ကြင်နာတဲ့ လုပ်ဆောင်မှုတစ်ခုက တခြားသူတစ်ယောက်အတွက် လေးစားစရာကိစ္စတစ်ခုဖြစ်နေနိုင်ပြီး သူတို့ကိုပါ စေတနာ့ဝန်ထမ်းအဖြစ်ဆောင်ရွက်ဖို့ နိုးဆော်နေမှာပါ။ ဒါတွေအပြင် စေတနာ့ဝန်ထမ်းအဖြစ်ဆောင်ရွက်ခြင်းကလည်း အလုပ်လျှောက်တဲ့အခါ၊ ပညာသင်ဆုလျှောက်ထားတဲ့အခါ အခွင့်အလမ်းပိုပြီးတော့ ကောင်းစေပါတယ်။ ကိုယ့်ကိုာအင်တာဗျူးမယ့်သူ၊ ဆုံးဖြတ်ချက်ချမယ့်သူတွေရဲ့ အထင်ကြီးလေးစားမှုကိုလည်းရနိုင်ပါတယ်။ သင့်ရဲ့ စေတနာနဲ့ လုပ်ဆောင်ချက်တစ်ခုက သင့်အတွက် အောင်မြင်မှုတံခါးတွေကိုပါ ဖွင့်လှစ်ပေးမှာပါ။

 

စေတနာ့ဝန်ထမ်းအဖြစ်ဆောင်ရွက်ဖို့ဆိုတာ ထင်သလောက် လွယ်ကူတဲ့ အလုပ်တော့ မဟုတ်ပါဘူးနော်။ ကိုယ့်ရဲ့ ကိုယ်ပိုင်အချိန်တွေကိုလည်း ဖဲ့ပေးရသလို စိတ်ဖိစီးမှုတွေလည်း ကြုံလာနိုင်ပါတယ်။ဒါပေမယ့် ဒီလိုလုပ်ဆောင်ချက်တွေက ကိုယ့်ရဲ့ဘဝအတွက်ရော အလုပ်အတွက်ရော တကယ်အကျိုးရှိတဲ့အရာတွေအများကြီး သယ်ဆောင်လာပေးမှာပါ။ ဒါပေမယ့် စေတနာ့ဝန်ထမ်းလုပ်တဲ့အခါ အကျိုးလိုလို့ ညောင်ရေလောင်းသလို မဖြစ်စေပဲ စိတ်ရင်းစေတနာ သန့်သန့်နဲ့ဆောင်ရွက်ပေးနိုင်ဖို့ကိုလည်း အကြုံပြုပေးပါရစေနော်။